ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားမြို့ (ဖလောင်းချိတ်) မှာ
တည်ရှိတဲ့ အဘယသုခ ဆုတောင်းပြည့် ထိပ်ကျင်းတောင် စေတီပွဲတော်ကို
ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ၂၇ ရက်ထိ သုံးရက် တိုင်တိုင် စည်ကား
သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဲဒီ ပွဲတော်မှာ ရခိုင်က နာမည်ကြီး
အဆိုတော် တဦးဖြစ်တဲ့ ကိုမြတ်ခိုင်ကျော်လည်း တခြား အဆိုတော်တွေနဲ့ တက်ရောက်
ဖြေဖျော်ခဲ့ပါတယ်။ သူ့ရဲ့ အနုပညာ သက်တမ်း တလျောက်မှာ ပထမဆုံး အကြိမ်
အနေနဲ့ ကိုမြတ်ခိုင်ကျော်ဟာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံကို လာရောက် ဖြေဖျော်တာ
ဖြစ်ပါတယ်။ သူဘင်္ဂလာကို ရောက်နေစဉ် အတွင်းမှာ နိရဉ္စရာက သူနဲ့ တွေ့ဆုံ
မေးမြန်းခွင့် ရခဲ့ပါတယ်။ ကိုမြတ်ခိုင်ကျော်က ဘင်္ဂလာဒေခ်ျ့မှာ လာရောက်
ဖြေဖျော်ရတဲ့အတွက် သူရဲ့ အမြင်နဲ့ ခံစားချက်ကို ခုလို စတင် ပြောကြားပါတယ်။

မြတ်ခိုင်ကျော် - ခုလို ဖြေဖျော်ခွင့်ရတဲ့ အတွက် ၀မ်းသာပါတယ်။ အခုလို
အဝေးမှာ ရှိနေကြတဲ့ ရခိုင် အမျိုးသားတွေကို ကျွန်တော်လာရောက်ပြီး
ဖြေဖျော်ခွင့်ရတဲ့အတွက် အများကြီး ဂုဏ်ယူပါတယ်။ ၀မ်းသာမိပါတယ်။

နိရဉ္စရာ - ကိုမြတ်ခိုင်ကျော် အနေနဲ့ အခုလို လာရောက်
အားပေးကြတဲ့ ပရိဿတ် တွေအပေါ်မှာကော ကျေနပ် နှစ်သိမ့်မှုရှိပါသလား။

မြတ်ခိုင်ကျော် - ကောင်းပါတယ်။ အခုလို လှိုက်လှိုက်လဲလဲ ကြိုဆိုပီး အားလုံးသူ
ပျော်ရွှင် နေကြတာကို မြင်ရတဲ့အတွက် ကျွန်တော်တို့လည်း အတိုင်းအဆမသိ ၀မ်းသာ
မိပါတယ်။

နိရဉ္စရာ- တခြားနိုင်ငံတွေမှာ
သွားရောက်ဖြေဖျော်တာနဲ့ ဘင်္ဂလာမှာ လာရောက် ဖြေဖျော်ရတာ ဘယ်လိုကွာခြားမှုတွေ
ရှိပါသလဲ။

မြတ်ခိုင်ကျော်- အထွေအထူးတော့ မရှိပါ။ ကျွန်တော်တို့ မလေးမှာရှိတဲ့ ပရိဿတ်
တွေကဆို ၀မ်းသာ ၀မ်းနည်းဖြစ်ကြတယ်။ ဒီမှာတော့ အားလုံးက ပျော်ရွင်
နေကြတာကို မြင်ရတဲ့အတွက် ကျွန်တော့် အနေနဲ့လည်း ပျော်ရွှင်မိပါတယ်။
တကယ်လည်း အားရ ကျေနပ် မိပါတယ်။

နိရဉ္စရာ - ကိုမြတ်ခိုင်ကျော် ဂီတလောကထဲကို စတင်ဝင်ရောက်လာတာနဲ့ ဖြတ်သန်း လာခဲ့ရတဲ့ အနုပညာခရီးလမ်းကို
ပရိဿတ်တွေသိရှိအောင် နည်းနည်း ပြောပြပေးပါလား ။

မြတ်ခိုင်ကျော် - ကျွန်တော် ဖြတ်သန်းလာတာက ၇၆ ခုနှစ် ကျွန်တော် ၅ တန်း
ကျောင်းသားလောက်ကတည်းက ဂီတာ စတီးပါတယ်။ ၁၉၉၃ ခုနှစ် ကျွန်တော် ပထမဆုံး
စီးရီး “သူ့အကြောင်”ကို ဖြန့် ဖြစ်ပါတယ်။ ကျောင်းသား အားကစား
ပွဲတော်နဲ့လည်း ကြုံတဲ့ အတွက် အဲဒီနှစ်ကတည်းက သီးချင်း တွေ ပရိဿတ်
ကြားထဲကို ရောက်သွားပါတယ်။ နောက် ကျွန်တော်တို့ ရခိုင့် ဂီတလောက တခု
အသစ်ဖြစ်သလို ပြန်ဖြစ်လာတဲ့ အတွက် မိမိကိုယ်လည်း ဂုဏ်ယူမိပါတယ်။ အဲဒီနှစ်
ကစပြီး သီချင်းတွေ ဆိုလာတယ် ဆိုတော့ အခုအချိန်ထိဆိုရင် ၁၈ နှစ် ရှိသွားပီ
ဖြစ်ပါတယ်။ စီးရီးကတော့ ၅-ခွေ ၆-ခွေ လောက်ရှိပါတယ်။ အားလုံး ကျွန် တော်
Group Songs
တွေနဲ့ဆိုရင် စီးရီးက ၁၀ ခုလောက်ဘဲ ရှိပါတယ်။

နိရဉ္စရာ - အနုပညာ လောကထဲကို စလို့ဝင်ရောက်တဲ့ အခါ
ဘယ်လို အခက်အခဲ တွေရှိခဲ့ပါသလဲ။ အဲဒီ အခက်အခဲတွေကို ဘယ်လိုကျော်လွှား
ဖြေရှင်းခဲ့ရပါသလဲ။

မြတ်ခိုင်ကျော် - ကျွန်တော် ရခိုင်သီချင်းနဲ့ ပတ်သတ်လို့
လုပ်တဲ့အချိန်မှာတော့ အခက်အခဲ မရှိပါ။ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်တော်
၈၈နောက်ပိုင်း ၉၀ ခုနှစ်မှာစလို့ စီးရီးသွင်းဖြစ်ပါတယ်။ အဲဒီမတိုင်မီ
ကတည်းက ကျွန်တော်ဗမာပြည် ဂီတ လောကထဲမှာ ကျွန်တော်က ၀င်ရောက်လှုပ်ရှား
နေခဲ့တဲ့အတွက် ဒီဘက်မှာ လုပ်တဲ့အချိန်မှာတော့ အခက်အခဲအများကြီး မရှိခဲ့ပါ။
ဒါပေမဲ့ ရခိုင်စီးရီးသွင်းတဲ့အခါ ကုန်ကျ စရိတ်ပိုင်းတွေ၊ ရန်ကုန်သွားပြီး
သွင်းရတာကြောင့် ကုန်ကျစရိတ် တွေရှိပါတယ်။ ဒါတွေကတော့ ရှိမှာပါ။
အခက်အခဲတွေက နေရာတိုင်းမှာရှိပါတယ်။ အလွယ်တကူနဲ့တော့ လူတယောက် အလိုက်သင့်
ဖြစ်လာတာကတော့ မရှိပါဘူး။

နိရဉ္စရာ - ကိုမြတ်ခိုင်ကျော် ဗမာပြည်ဂီတလောကထဲမှာ
ဘယ်လိုဝင်ရောက် လှုပ်ရှားခဲ့ပါလဲ။

မြတ်ခိုင်ကျော် - ကျွန်တော် ၇၆ ခုနှစ်ကတည်းက ရန်ကုန်ကို ရောက်ပြီးတော့
ကျွန်တော် ၁၀ တန်း ကျောင်းသားလောက်က ကိုလွှမ်းမိုးတို့နဲ့ကျွန်တော် ၅
နှစ်လောက် (ဗမာပြည် အနုပညာ လောကထဲမှာ စောဘွဲ့မှူးတို့ IC မရှိမီ ကတည်းက)
သူတို့နဲ့အပေါင်းသင်းအဖြစ် ညီလေးအဖြစ် ပေါင်းဖူးပါတယ်။ အဲဒီနောက်ပိုင်းမှ
ကျွန်တော် ရခိုင်ပြည်ကိုလာပြီး ရခိုင် သီချင်းတွေ ရေးဖြစ်တာပါ။

နိရဉ္စရာ - အခုလို မြတ်ခိုင်ကျော်ဆိုတဲ့ နာမည်နဲ့ ရခိုင် အနုပညာလောက ထဲမှာ ပေါ်ထွက်လာဖို့
အတွက် ဘယ်လိုကြိုးစားခဲ့ရပါလဲ။

မြတ်ခိုင်ကျော် - ကျွန်တော် ရခိုင်သီချင်းတွေကို မရေးမီကတည်းက ကျွန်တော်
ရန်ကုန်မှာ ဖြတ်သန်း နေတုန်း သီချင်းတွေ တပိုင်းတစ ရေးဖြစ်ပါတယ်။ ကျွန်တော်
ရေးတဲ့ သီချင်းတွေကို ဆိုဖူးခဲ့တဲ့သူတွေ လည်း ရှိပါတယ်။ ၈၈ နောက်ပိုင်း
ကျွန်တော် ရခိုင်ပြည် ရောက်လာတဲ့အခါ ရခိုင် သီချင်းတွေ “လှိုင်း လုံးချေ”
သီချင်းတွေနဲ့ ကျွန်တော် ရင်းနှီးလာတယ်။ ရခိုင် သီချင်းတွေ ရေးဖြစ်ပါတယ်။
ရေးဖြစ်တဲ့ သီချင်း တွေကို စုထားတယ်။ ပြီးတော့ ၉၂ ခုမှာ ကျွန်တော်
“သူ့အကြောင်း” စီးရီခွေကို ရန်ကုန်မှာ သွင်းဖြစ်ပါတယ်။

နိရဉ္စရာ - လက်ရှိ ရခိုင်ဂီတလောက အခြေအနေကို
ကိုမြတ်ခိုင်ကျော်အနေနဲ့ ဘယ်လို မြင်ပါလဲ။

မြတ်ခိုင်ကျော် - ကျွန်တော် ပြောရမယ်ဆိုတော့ ကျွန်တော့်
ပုဂ္ဂလိကအမြင်ပေါ့လေ။ အခုကတော့ လူငယ်တွေက အခွေတွေအများကြီး
အရေအတွက်အားဖြင့် အများကြီး ထွက်လာပါတယ်။ ဒါကို ကြိုလည်း ကြိုဆိုပါတယ်။
ဥပမာ
high-Pop
လိုင်းတွေနဲ့ ထွက်လာတယ်။ သူ့ခေတ်သူ့ အခါနဲ့ ပေါ်လာတဲ့ ရေစီးကြောင်းတွေမို့
ကျွန်တော် တို့က ဒါကို ကြိုဆိုပါတယ်။ တခုဘဲ ပြောချင်တာက အရေအတွက် အများကြီး
ထွက်ပေါ်လာတဲ့ လူငယ်တွေကြားထဲမှာ အရည်အချင်း ရှိတဲ့ သီချင်းစာသား လေးတွေနဲ့
မှတ်လောက် သားလောက်အောင် ကျန်လိုက်တဲ့ စကားလုံးတွေနဲ့ စင်ပေါ်ကို
ရောက်လာတဲ့လူငယ်တွေ ကိုသိပ်မမြင်တွေ့ရပါဘူး။ အဲဒါတခုကို စိတ်မကောင်း
ဖြစ်မိပါတယ်။ လူငယ်တွေ ကြိုးစားတာကိုလည်း ချီးမြှင့်ပါတယ်။ ဒါပေမဲ့ အခုက
သီးချင်း စကားလုံးပိုင်း သံစဉ်ပိုင်းကို စီးစီးစစ်စစ်နဲ့
ဖွဲ့နွဲ့ပြီးလုပ်တဲ့ အပိုင်း တွေက နည်းနည်း အားနည်းချက်ရှိပါတယ်။
ကျွန်တော် တို့ကျဆင်းလာရတဲ့ အကြောင်းအရင်း တွေကဆိုရင် ကျွန်တော်တို့
ရခိုင်ဂီတလောက သက်သက် မဟုတ် ပါဘူး။ ဗမာပြည် တခုလုံးမှာရှိတဲ့ ဂီတလောကမှာ
ဆိုရင် နည်းပညာပိုင်း တိုးတက် လာတာမှန်ပေမယ့် အားလုံး အရှုံးပြပြီးတော့
လုပ်လို့မရတဲ့ အခြေအနေတွေကို လက်ရှိ အမှန်အတိုင်း မြင်နေကြရပါတယ်။

နိရဉ္စရာ - ကိုမြတ်ခိုင်ကျော် အနေနဲ့
ကိုယ်ပိုင်စီးရီး ဘယ်နှစ်ခွေလောက် ထုတ်ပီးပီလဲ။

မြတ်ခိုင်ကျော် - အများတော့ မရှိပါ။ ကျွန်တော် စဆိုတဲ့ ၁၉၉၃ ခုနှစ် ကတည်းက
ဒီကနေကထိ ဆိုရင် တိတ်ခွေခေတ်မှာ ၅ ခွေလောက်ရှိပါတယ်။
VCD ခေတ်မှာ
စုပေါင်း စပ်ပေါင်းဆိုတာနဲ့ ဆိုရင် ကျွန်တော် ကိုယ်တိုင် လက်ရှိလုပ် ထားတဲ့
ရခိုင့်ဂီတ အဟာရတို့လို အားလုံး ပေါင်းလိုက်မှ ကျွန်တော့်မှာ ၁၀ ခွေလောက်
ရှိပါသေးတယ်။

နိရဉ္စရာ- အစ်ကို သီဆိုထားတဲ့ သီချင်းတွေထဲမှာ
ဘယ်သီချင်းကို ကျေနပ်မှု အရှိဆုံး ဖြစ်ပါသလဲ။

မြတ်ခိုင်ကျော် - ကျွန်တော် ပုဂ္ဂိုလ်စွဲကင်းကင်းနဲ့ ပြောရမယ်ဆိုရင်-
ကျွန်တော် ကိုယ်တိုင် ခံစားခဲ့ရတဲ့ သီချင်းလည်းဖြစ်သလို
ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ “၀တီလေးရပ် ညီညွတ်ကတ်မယ်”ဆိုတဲ့ သီးချင်းကို
ကျွန်တော်ကျောက်ဖြူမှာ ပွဲတပွဲ လုပ်တဲ့ အခါ အဲဒီကရလာတဲ့ အတွေ့အကြုံနဲ့
အဲဒီသီချင်းကို ရေးဖြစ်ပါတယ်။ အဲဒီသီချင်းကို ရေးဖြစ်တဲ့အကြောင်းအရာကလည်း
တကယ့် အစစ်အမှန်ဖြစ်တယ်။ ဒါကြောင့် အဲဒီသီးချင်ကို ကျွန်တော်အားရ
ကျေနပ်မိပါတယ်။ အဝေးရောက် နေတဲ့ သူတွေပါ အနီးမှာရှိတဲ့သူတွေပါ
ကျွန်တော်တို့ အသင်းအဖွဲ့အစည်းတိုင်းမှာ တွေ့ကြရတဲ့ ကျွန်တော်တို့ တောင်
ပိုင်းသား မြောက်ပိုင်းသားကိစ္စလည်း အားလုံး ပါပါတယ်။ ကျွန်တော်တို့
ဒီလိုမဖြစ်သင့်ပါဆိုပြီး ကျွန်တော် အဲဒီသီချင်းကို ကျွန်တော်
ကိုယ်တိုင်ရေးပြီး ကျွန်တော်ကိုယ်တိုင်ဆိုဖြစ်ပါတယ်။ အဲဒီသီချင်းကိုတော့
ကျေနပ်ပါတယ်။

နိရဉ္စရာ- ၂၀၁၀ မှာ စီးရီးအသစ်တွေ ထွက်ဖို့
အစီအစဉ်ရှိပါလား။ တကယ်လို့ ရှိတယ်ဆိုရင် စီးရီးအမည်နဲ့ အဲဒီစီးရီးမှာ
ပါဝင်တဲ့ သီးချင်း ခေါင်းစဉ် တချို့ကို ပြောပြပေးပါလား။

မြတ်ခိုင်ကျော်- ရပါတယ်။ ဒါကကိစ္စမရှိပါ။ အခုကျွန်တော်
May စတီရီယိုမှာ
ကိုမောင်မောင်လွင်တို့နဲ့ သွင်းနေတဲ့ စီးရီးကတော့ “ပြန်ဆုံခွင့်” ဆိုပီး
လောလောဆယ် အကြမ်းအားဖြင့် အမည် ပေးထားပါတယ်။ ဒီခွေမှာဆိုရင် ကျွန်တော့်
တပည့်မလေးဖြစ်တဲ့ ဇင်မာထွန်းနဲ့ ညီမင်းခိုင် အပါအ၀င် ကျွန်တော်တို့
သုံးယောက် တစ်ခွေ လုပ်နေပါတယ်။ အဲဒီအထဲမှာ သီချင်းတွေကတော့ အမ်ပလိုက်
သီချင်းတပုဒ် ပါဝင် ပါတယ်။ “ သက်ဆုံးတိုင်” ဆိုတဲ့ သီချင်းကိုလည်း
ထည်ြ့ပီး ဆိုထားပါတယ်။

နိရဉ္စရာ - ရခိုင် အနုပညာလောက ဒီထက်တိုးတက်လာအောင်
ဘယ်လို လုပ်သင့် တယ်လို့ မြင်ပါသလဲ။

မြတ်ခိုင်ကျော် - အခုလို နည်းပညာပိုင်းတွေ တိုးတက်တဲ့ အချိန်ခါမှာ
လုပ်လာကြတဲ့ ကလေးတွေလည်း အများကြီး ပေါ်ထွန်းလာပါတယ်။
ကျွန်တော်တို့လုပ်သင့်တယ်လို့ ထင်ရတဲ့ အလုပ်ကတော့ သီချင်းဆိုတာက
စကားလုံးနဲ့သံစဉ်ကို ပေါင်းဖက်ပြီးမှ သီးချင်းလို့ ဖြစ်လာတဲ့အတွက်နဲ့
စကားလုံး ပိုင်းဆိုင်ရာကို စီးစီးစစ်စစ်နဲ့ လုပ်ပြီးတော့ သံစဉ်ပိုင်း
ဆိုင်ရာကိုလည်း လူနားထဲမှာ ၀င်လာအောင်၊ ပီးတော့ စကားလုံး ဆိုရင်လည်း
ကိုယ့်သီချင်းကို နားထောင်တဲ့အချိန်မှာ ရင်ထဲမှာ ကျန်လိုက်အောင် အဲသလို
စကားလုံးမျိုးတွေကို ရွေးပြီး ရေးစပ်မယ် ဆိုရင် ပိုပြီး ကောင်းမယ် ထင်တယ်။
ရခိုင့်ဂီတ လောကတခုလုံး တိုးတက်ဖို့အတွက်ကတော့ နည်းနည်း ခဲယမ်း
နေပါသေးတယ်။

နိရဉ္စရာ- ကိုယ်ရေးရာဇ၀င် အကျဉ်းကို ပရိသတ်တွေ
သိနိုင်အောင် နည်းနည်းပြောပြ လို့ ရနိုင်မလား။

မြတ်ခိုင်ကျော် - အထူးအထွေတော့မရှိပါ ကျွန်တော်ကတော့ မြောက်ဦး
ဇာတိဖြစ်ပါတယ်။ ကျွန်တော့်မိ ဘကတော့ ဈီးဇာကျွန်းကပါ။ ကျွန်တော့် အဖေက
ဦးအောင်ပြည့်စုံ အမေက ဒေါ် မကျော့ သာ ဖြစ်ပါတယ်။ အခုလောလောဆယ် ကျွန်တော်
စစ်တွေမှာ ဇနီး၊ ကလေးနှစ်ယောက်နဲ့ အတူနေ ပါတယ်။

နိရဉ္စရာ - ကိုမြတ်ခိုင်ကျော်ကို
အမြဲတမ်းအားပေးနေကြတဲ့ ပရိဿတ်တွေကို ဘယ်လိုစကားလက် ဆောင်တွေ ပေးချင်ပါလဲ။

မြတ်ခိုင်ကျော် - စကားလက်ဆောင်အနေနဲ့ ပြောရမယ်ဆိုရင် -- ကျွန်တော်တို့လည်း
တတ်နိုင်တဲ့ ဘက်က အမြဲတမ်း ရပ်တည် ကြိုးစားနေပါတယ်။ လက်ရှိကလည်း
စားဝတ်နေရေး အခြေအနေအရ တဘက်တလမ်းက ကိုယ့်ဘ၀အတွက် လှုပ်ရှား နေရသလို
တတ်နိုင်တဲ့ဘက်က အနုပညာကိုလည်း ဆက်လက်ပြီး ကြိုးစား ဆောင်ရွက်
ပေးသွားမှာပါ။ လက်ရှိကျွန်တော့်ကို မြတ်ခိုင်ကျော်လို့ အမည်တခု ဖြစ်လာအောင်
ဝိုင်းဝန်းပြီး ပံ့ပိုးပေးခဲ့ကြတဲ့ အနှစ် ၂၀ နီးပါး ရှိနေပြီ ဖြစ်တဲ့
ပရိဿတ်၊ ကျွန်တော်တို့ ရခိုင်သား အားလုံးကို ကျွန်တော် တတ်သိသလောက်
အနုပညာလေးနဲ့ တသက်လုံး ပေးဆပ်သွားမယ်ဆိုတဲ့ စကားလေးကိုဘဲ ကျွန်တော်
စကားလက်ဆောင် ပေးချင် ပါတယ်။

(ကိုမောင်အေးမှ တွေ့ဆုံမေးမြန်းသည်။)

မှတ်ချက်။ နိရဉ္စရာ ကကူးယူဖော်ပြထားပါရေ။

(တောင်းပန်ချင်။ ။ စာမိန်းပွဲနန့်အလုပ်ခြူနိန်လို့ ရခိုင်ဘာသာနန့်ပြန်တင်ပီးဖို့မရလိုက်ပါ။ စာမိန်းပွဲပြီးရေခါ ရခိုင်ပိုင်ပြန်တင်ပီးပါမေ။)